29 March 2024

ထိုင်းလေဆိပ်ကနေ အလည်ဝင်လာတဲ့မြန်မာ အမျိုးသမီး ၄ ယောက်ထံမှာ ဒေါ်လာအတုကိုင်ဆောင်မှုဖြင့်အဖမ်းခံရ၊ ထိုင်းဝင်ဖို့ ကျပ်သိန်း ၁၀၀ ကျော်ကုန်ကျခဲ့ပြီး၊ ဒေါ်လာက သူတို့ငှားရမ်းထားတဲ့ အေဂျင်စီကပေးလိုက်တာဟုပြော….

လွန်ခဲ့တဲ့ ၂ လပိုင်းကတည်းက ထိုင်းကိုဝင်ရောက်လာတဲ့ မြန်မာ ၄ ယောက်က ဒေါ်လာအတုကိုင်ဆောင်မှုဖြင့် သုဝဏ္ဏဘူမိလေဆိပ်မှာရှိတဲ့ ထိုင်းလူဝင်မှုကြီးကြပ်ရေးရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပါတယ်။ မြန်မာ ၄ ယောက်မှာ အမျိုးသမီးတွေဖြစ်ကြပါတယ်။ မသန်းယုမေ၊ မဖြိုးဇာဝေ၊ မလင်းလင်းဝေနဲ့မခင်ယုမေတို့ဖြစ်ကြပါတယ်။ ထိုင်းဝင်ဖို့ Show Money ပြရမည့်နေရာမှာ အေဂျင်စီကစာအိတ်နဲ့ထည့်ပေးလိုက်တဲ့ တစ်ယောက်ကို ဒေါ်လာ ၅ ရွက်စီကိုထုတ်ပြလိုက်တဲ့နေရာမှာ ဒေါ်လာတွေက အတုဖြစ်နေတဲ့အတွက် ထိုင်းလဝကရဲ့ဖမ်းဆီးခြင်းခံရပြီး၊ စမုပရာကန်ခရိုင်ရှိ IDC အကျဉ်းထောင်သို့ ပို့ဆောင်ခံရပြီး အကျဉ်းကျ အမှုတွေရင်ဆိုင်နေရပါတယ်။

သူတို့ကို ပို့လိုက်တဲ့အေဂျင်စီနာမည်က ဝေယံထူးလို့သိရပြီး၊ တရားမဝင်အေဂျင်စီလဲဖြစ်ကြောင်း မြန်မာနိုင်ငံဘက်က စစ်ဆေးမှုအရ သိရပါတယ်။ အခင်းဖြစ်ပွားတာက ၁၁ ရက် ၂ လ ၂၀၂၂ မှာဖြစ်ပွားခဲ့တာပါ။ မြန်မာပြည်မှာရှိတဲ့ မိသားစုကလည်း အဆက်အသွယ်မရခဲ့ကြပါဘူး။ ၈ ရက်နေ့ ၄ လပိုင်း ၂၀၂၂ လောက်မှာ ဗန်ကောက်မှာရှိတဲ့ မြန်မာအလုပ်သမားသံအရာရှိရုံးကသိရှိပြီးသွားရောက်ကူညီမှုတွေပေးတဲ့နေရာမှာ မသန်းယုမေ အသက် ၂၂ နှစ်နဲ့ မဖြိုးဇာဝေ အသက် ၂၅ နှစ်၊ ထောင်ဒဏ် ၂ နှစ် ၆ လ သို့မဟုတ် ငွေဒဏ် ၅၀၀၀၀ ဘတ် အမိန့်ချခဲ့ပြီးဖြစ်ကာ မြန်မာအလုပ်သမားသံအရာရှိက ငွေပေးဆောင်ကာ ထိုင်းနိုင်ငံ IDC ကနေထုတ်ခဲ့ပြီး မြန်မာပြည်ကို ပြန်ပို့ပေးခဲ့ပြီဖြစ်ပါတယ်။

ကျန်တဲ့ ၂ ယောက်ကတော့ ၂ ဒေါ်လာအတုကိုင်ဆောင်အနေဖြင့်စွဲဆိုရုံမကဘဲ ထုတ်လုပ်သူအမှုနဲ့ ထိုင်းဘက်က စွဲဆိုထားတာကြောင့် တရားရုံးထံက ထိုအမှုအတွက် ဆုံးဖြတ်ခြင်းမပြုရသေးပါ။ ကျန်တဲ့ ၂ ယောက်ကို ထပ်မံစွဲဆိုထားတဲ့အမှုက ပုဒ်မ-၂၄၀ ပါ။ ထောင်ဒဏ်တသက်လောက် ကျသွားနိုင်တယ်လို့ ရှေ့နေဦးအောင်မျိုးသန့်က ဆိုပါတယ်။

ဖြစ်ပွားတဲ့ရက်က ဖြစ်ရပ်တွေတူပါလျက် အစိုးရရှေ့နေက ကျန်တရားခံနှစ်ဦးအပေါ် ကြီးလေးတဲ့ ပုဒ်မတွေ ထပ်လောင်းစွဲဆိုထားမှုအပေါ် တရားခံများဘက်က အလေးအနက် ကန့်ကွက်စာတင်ထားပြီလည်းဖြစ်ပါတယ်။ လာမည့် (၁၈-၇-၂၀၂၂) ရက်နေ့မှာ ရုံးတော်မှ ပုဒ်မ-၂၄၀ ကိုထပ်မံစွဲဆိုသင့်၊ မသင့် အမိန့်ချမယ်လို့ သိရပါတယ်။ ငွေတုလက်ဝယ်ထားရှိမှုနဲ့ ထုတ်လုပ်သူအဖြစ် တရားစွဲဆိုခံထားရတဲ့ လင်းလင်းဝေနဲ့ ခင်ယုမေ တို့နှစ်ယောက်ကို ပြစ်ဒဏ်ကလျော့နည်းအောင် မြန်မာသံအမတ်ကြီး လမ်းညွန်ချက်မှုဖြင့် အလုပ်သမားသံအရာရှိ ဦးဆောင်ပြီး မြန်မာရှေ့နေ၊ ထိုင်းရှေ့နေတွေ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

“ထိုင်းလေဆိပ် စစ်ဆေးဂိတ်မှာစစ်တော့ အေဂျင်စီကပေးလိုက်တဲ့ စာအိတ်ကိုထုတ်ပြတယ်။ အဲဒီစာအိတ်ထဲမှာ ဒေါ်လာ ၅ ရွက်စီပါတယ်။ အဲတာကအတုတွေဖြစ်နေတယ်။ လုပ်ကြံခံရတဲ့သဘောလို့ ပြောလို့ရပါတယ်။ အေဂျင်စီနာမည်က ဝေယံထူးပါ။ တရားမဝင်အေဂျင်စီဖြစ်နေတယ်။ IOM က ဒီအမှုကိုဆက်လက်ဆောင်ရွက်ပေးပါလို့ သံအရာရှိ ဦးအောင်ကိုဇော်ထံ အကြောင်းကြားလာလို့သွားရောက်တော့ ပုဒ်မ ၂ ခုနဲ့ ထောင်ဒဏ် ၂ နှစ်ခွဲ သို့မဟုတ် ငွေဒဏ် ၅ သောင်းဘတ် အမိန့်ချခံရတဲ့ ၂ ယောက်ကိုတော့ ဒဏ်ငွေဆောင်လိုက်တယ်။ သူတို့ ၂ ယောက်ကို မြန်မာပြည်ပြန်ပို့ပေးခဲ့ပါပြီ။

အမှန်ဆိုရင်တော့ ကိုချစ် ရာ ၄ ယောက်လုံးက တစ်နေ့ထဲ တစ်ချိန်ထဲ တစ်နေရာထဲမှာ ဖမ်းမိတာပါ။ ပုဒ်မတစ်ခုထဲဖြစ်ရမှာပေါ့၊ ခုတော့ ဒီလိုမဟုတ်ဘဲနဲ့ ကျန်တဲ့ ၂ ယောက်ကို ပုဒ်မ ၂၄၀ ထပ်စွဲထားတယ်။ ဟိုလွတ်သွားတဲ့ ၂ ယောက်က ပုဒ်မ ၂ ခု (ပုဒ်မ-၂၃၄-၂၄၄) စီဖြစ်နေပြီးတော့၊ ကျန်တဲ့ ၂ ယောက်ကတော့ ပုဒ် ၃ ခုဖြစ်နေတယ်။ အဲဒီပုဒ်မအရဆိုရင် ထောင်ဒဏ်တသက်တကျွန်းကျသွားနိုင်တဲ့ ပုဒ်မဖြစ်နေတယ်။

သူတို့ ၄ ယောက်က ထိုင်းကိုအလည်ဗီဇာလုပ်ပြီးရောက်လာကြတာပါ။ IOM စစ်ဆေးချက်အရ သူတို့တွေ ၄ ယောက်က သိန်း ၁၀၀ ကျော်လောက်ကုန်သွားတယ်။ ယခုအမှုရင်ဆိုင်နေရတဲ့ ၂ ယောက်ကတော့ ခင်ယုမေ အသက် ၄၂ နှစ်နဲ့ လင်းလင်းဝေ အသက် အသက် ၂၀ နှစ်ဖြစ်ပါတယ်။ အကယ်၍ ပုဒ်မထပ်တွဲထားရင်တော့ အန်ကယ်တော့ အယူခံဝင်သွားမယ်။ ပုဒ်မကကြီးလွန်းတယ်လို့ ရှေ့နေ ဦးအောင်မျိုးသန့်ဆိုပါတယ်။

အန်ကယ်ဖြစ်စေချင်တာက မြန်မာပြည်ဘက်မှာလဲ ဒီအေဂျင်စီကို တရားဥပဒေအရ အရေးယူတာတွေ၊ မူလ IOM စစ်ဆေးတွေ့ရှိမှု အထောက်အထားတွေကို ပို့လာပြီး ကူညီစေချင်တယ်။ အဲဒါမှ ဒီအမှုကိုဖြေရှင်းဖို့အတွက် အားသာချက်တစ်ခုရသွားနိုင်တယ်။ အရေးကြီးတာက ပုဒ်မတွေထပ်မတိုးထားဖို့ကိုတော့ တရားရုံးတော်ကို အလေးအနက်တင်ပြထားပြီဖြစ်လို့ အောင်မြင်မယ်လို့ ယုံကြည်တယ်” ဟု ရှေ့နေ ဦးအောင်မျိုးသန့်က Myanmar Live ကိုပြောပါတယ်။

ထိုင်းကို အလည်ဗီဇာနဲ့လာတဲ့ ရခိုင်မလေး ၄ ယောက်က အေဂျင်စီကပေးလိုက်တဲ့ လပ်ခ်ကီး စာအိတ်ဒေါ်လာအတု ကိုင်ဆောင်မှုနဲ့ အဖမ်းခံရပြီးနောက် ၂ ယောက်ကတော့ ဒဏ်ငွေဆောင်ပြီး လွတ်ပေးပေမယ့်၊ ကျန်တဲ့ ၂ ယောက်ကိုတော့ အမှုထပ်တိုး တရားစွဲဆိုခံနေရဆဲဖြစ်ပါတယ်။

Andrew KC (ဇွဲကပင်မြေ)

SHARE THIS NEWS

OTHER NEWS