29 March 2024

ဇူလိုင် ၅ ရက်၊ ၂၀၂၂

ထိုင်း-မြန်မာနယ်စပ်မှာ တပတ်လောက်ဖြစ်ပွားနေတဲ့ ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဝေါလေဒေသမှာ ဥကရစ်ထစခန်းတိုက်ပွဲကြောင့် ​​ဒေသခံများမှာထိုင်းဘက်ကိုစစ်ရှောင်လာပြီး ထိုင်းဘက်ခြမ်းကစစ်ရှောင်စခန်း ၄ ခုမှာ ယာယီနေထိုင်ခွင့်ပေးထားတယ်လို့ တာ့ခ်ခရိုင်ထုတ်ပြန်ချက်အရသိရပါတယ်။

စစ်ရှောင်တွေရှိတဲ့နေရာကိုလဲ ထိုင်းနိုင်ငံ တာခ်ရိုင်မှူးနဲ့အဖွဲ့က စစ်ရှောင်တွေရဲ့ နေထိုင်ရေးနဲ့ စားသောက်ရေးတွေကို ဇူလိုင် ၄ ရက်က ကွင်းဆင်းကူညီ ဆောင်ရွက်ပေးခဲ့ပါတယ်။ စစ်ရှောင်တွေထဲမှာ ကလေးနဲ့ အမျိုးသမီးတွေက အများဆုံးတွေ့ရတယ်လို့ စစ်ရှောင်တွေကိုသွားရောက်ကူညီပေးတဲ့အဖွဲ့အစည်းထံကသိရပါတယ်။

တိုက်ပွဲဖြစ်နေတဲ့ တပတ်ကျော်ကာလအတွင်းမှာ စစ်ကောင်စီတပ်က ၅ ရက်ဆက်တိုက်လေယာဉ်နဲ့လာရောက်ပစ်ခတ်ခဲ့ပြီး၊ ဗုံးကြဲခဲ့တဲ့အကြိမ်ပေါင်း ၁၂၅ ကြိမ်ရှိခဲ့တယ်လို့ Cobra Column စစ်ကြောင်းက ဇူလိုင်လ ၄ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

တိုက်ပွဲဖြစ်တဲ့နေ့ရက်တွေမှာ စစ်ကောင်စီတပ်သားတွေက အတုံးအရုန်းသေဆုံးမှုရှိခဲ့ပြီး၊ ကော်ဘရာစစ်သည်များက တစ်စုံတစ်ရာ ထိခိုက်၊ ကျဆုံးမှု မရှိခဲ့ကြောင်းဖော်ပြထားပါတယ်။ စစ်ကောင်စီလေတပ်က လာရောက်ပစ်ခတ်ခဲ့တဲ့ ဗုံးအရွယ်အစားတွေက ပေါင် ၂၀၀ ကနေ ၅၀၀ လောက်ရှိတဲ့ဗုံးများ၊ Cluster ဗုံးများ၊ မီးလောင်းဗုံးများ၊ ဝေဟင်မှမြေပြင်ကိုပစ်ချတဲ့ဗုံးများ၊ စက်လတ်များကိုပါ အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။

တိုက်ပွဲဖြစ်နေတဲ့ရက်များမှာ ဒေသခံများက အသက်လုထွက်ပြေးတိမ်းရှောင်နေရတဲ့ရုပ်သံတွေလဲပေါ်ထွက်လာပြီး အဆိုပါရုပ်သံတွေမှာ ထိုင်းမီဒီယာနဲ့ နိုင်ငံတကာသတင်းတွေမှာလဲ ပြန်လည်ဖော်ပြထားပါတယ်။ တိုက်ပွဲဖြစ်နေတဲ့ နီးနားတဝိုက်နေထိုင်တဲ့ ဒေသခံတွေအိမ်မပြန်ရဲသေးလို့ ထိုင်းဘက်ခြမ်းက စစ်ရှောင်စခန်း ၄ ခုမှာ လူဦးရေ ၁၅၀၀ ခန့်ရှိတယ်လို့ မဲဆောက်ကူညီရေးအဖွဲ့ကပြောပါတယ်။

ထို့အတူ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် မုန်းမြို့ရှိ၊ အောင်းလောင်းစိန်ရွာ၊ ကြောင်ပြာရွာ၊ ကျောင်းစုရွာ ၊မိးတိုင်တောရွာ ၊ရေအိုးစင်ရွာ၊ ကျွန်းပင်ဆိပ်ရွာ၊ စည်ပင်သာရွာ ၊မြောင်းဦးရွာ၊ စဝင်ရွာ၊ ကျွန်းတောရွာများမှာ တိုက်ပွဲတွေပြင်းထန်နေပါတယ်။ ဒေသခံများမှာ ရွာလုံးကျွှတ်ထွက်ပြေးတိမ်းရှောင်နေရပြီး၊ စစ်ရှောင်ဦးရေ ၅၀၀၀ ခန့်မှာ အကူညီတွေမရသေးလို့ ကူညီပေးနေတဲ့အဖွဲ့များထံကသိရပါတယ်။

“ထွက်ပြေးနေတဲ့စစ်ရှောင်တွေကိုတော့ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းနဲ့ ပလီတွေမှာထားတယ်။ လက်ရှိ သုံးလေးရက်အတွက်ကတော့ စားဖို့တော့ရှိသေးတယ်။ ရေရှည်ဆိုရင်တော့ အဆင်ပြေတော့မှာမဟုတ်ဘူး၊ ရွာလုံးကျွှတ်ထွက်ပြေးကြရတယ်ဆိုတော့ လူဦးရေတော့များတယ်။ အဲဒီဘက်မှာလဲ အကူညီတွေအရမ်းလိုအပ်နေတယ်” လို့ TCTF လူမှုကူညီရေးအဖွဲ့ မယ်ပရုံးခွဲတာဝန်ခံ ကိုအောင်သူလင်း က Myanmar Live ကိုပြောပါတယ်။

ထို့ပြင် တောထဲ တောင်ထဲမှာစစ်ရှောင်နေရတဲ့ တပ်မဟာ (၅) နယ်မြေထဲက ဒေသခံကရင်တိုင်းသားတွေမှာ အကူညီတွေမရသေးလို့ လာအကူညီတွေတောင်းလာတာရှိတယ်လို့ ကိုအောင်သူလင်း ကဆက်ပြောပါတယ်။

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS