26 April 2024

လွန်ခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ဗန်ကောက်မြို့ ဖလမ်ကောက်လမ်းရှိ ကုန်းကျော်တံတားပေါ်ကနေ ခုန်ချပြီး သေကြောင်း ကြံစည်တဲ့ဆိုသူမှာ နာမည် အဒီး လို့သိရပါတယ်။ ကရင်ပြည်နယ်၊ ဖားအံမြို့ တောင်ကလေးကျေးရွာအုပ်စုတွင် နေထိုင်ကြောင်းသိရပါတယ်။

ယခုလို ဖြစ်ရပ်မျိုးမဖြစ်ပွားမီ အဒီးဆိုသူမှာ ပွဲစားနှင့်အတူ ၂၀၂၂ ခုနှစ် အောက်တိုဘာလ၏ နောက်ဆုံးပတ်အတွင်းက ထိုင်းနိုင်ငံ ဗန်ကောက်မြို့ကိုရောက်လာပြီး သူယုံကြည်အားကိုးတဲ့ ပွဲစားက သူ့ကိုထားခဲ့ပြီးနောက် အခက်အခဲများနှင့်ရင်ဆိုင်နေရပြီး အလုပ်အကိုင် နှင့် နေထိုင်စားသောက်ရန်အတွက်ပါ အခက်အခဲများကြုံနေရတာကြောင့် စိတ်ကျရောဂါဖြစ်လာပြီး တံတားပေါ်ကနေ ခုန်ချပြီး သေကြောင်း ကြံစည်မှုဖြစ်လာခဲ့ကြောင်း ဗန်ကောက်မြို့ မြန်မာသံရုံးကထုတ်ပြန်ပါတယ်။

အဲဒီနေ့ အခင်းဖြစ်တဲ့နေရာကိုရောက်သွားတဲ့ဗန်ကောက်မြို့ မက္ကဆန်မြို့နယ် မက္ကဆန်ရဲစခန်းမှ ရဲမှူး ณรงค์เดช บุตรน้ำเพชร က အဒီးအား ခုန်မချရန် နှစ်သိပ်ပြောဆို ကယ်တင်လိုက်တာဖြစ်ပါတယ်။ ကယ်တင်လာတဲ့ အဒီး ကို လဝက၏ ဘန်းခင်းထိန်းသိမ်းမှုစင်တာတွင် Quarantine ထားရှိပြီးနောက် ဗန်ကောက်မြို့ မြန်မာသံရုံးမှ တာဝန်ရှိသူများနှင့် ဆက်သွယ်မှုရရှိပြီး အဒီးအား တွေ့ဆုံကာ ခရီးစရိတ်ထောက်ပံ့ပြီး နေရပ်ပြန်ပို့ရန်အတွက် စီစဉ်ဆောင်ရွက်ပေးလိုက်တာဟု သိရပါတယ်။

အဒီး ကို ကယ်တင်လိုက်တဲ့ ရဲမှူး ณรงค์เดช บุตรน้ำเพชร ကိုလဲ ထိုင်းဗဟိုရဲဌာနချုပ်က ဂုဏ်ပြုမှတ်တမ်းပေးအပ်ခဲ့ကြောင်း ဗန်ကောက်ဗဟိုရဲဌာနချုပ်ရဲ့ ဖေ့ဘွတ်စာမျက်နှာတွင်ဖော်ပြထားပါတယ်။ မြန်မာသံရုံးနှင့်ထိုင်းရဲတပ်ဖွဲ့တို့၏ စီစဉ်မှုဖြင့် နိုဝင်ဘာလ(၂၅)ရက်နေ့ ညက ဗန်ကောက်ကနေ မဲဆောက်ကို ပို့ဆောင်ပေးခဲ့ပြီး နိုဝင်ဘာလ(၂၆)ရက်နေ့တွင် မဲဆောက်သို့ ရောက်ရှိသွားကြောင်းနှင့် မဲဆောက်မှတဆင့် သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ပြီး နေရပ်ပြန်လည်ပို့ဆောင်ရေးအတွက် စီစဉ်ပေးနေတယ်လို့သိရပါတယ်။

ယခုလိုဖြစ်စဉ်မျိုးဖြစ်ပွားပြီနောက် ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လာမည့် မြန်မာနိုင်ငံသားများအနေဖြင့် လူမှောင်ခိုဂိုဏ်းများကို သတိပြုကြရန် ဗန်ကောက်ရှိ မြန်မာသံရုံးက သတိပေးထားပါတယ်။

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS