26 April 2024

ခင်ဦးတွင် ဈေးတန်းအဆောင် ၂၀ ကျော်၊ ကျန်းမာရေးဆေးခန်း၊ နေအိမ် ၅ လုံးမီးရှို့ဖျက်ဆီးတဲ့အပြင် အသတ်ခံရတဲ့ အရပ်သား ၃ လောင်းတွေ့ရှိ

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ခင်ဦး-ရေဦး လမ်းပိုင်း ဘေးရှိ သရက်ပင်စုကျေးရွာမှာ အသတ်ခံရတဲ့ အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းကိုတွေ့ရှိခဲ့ပြီး အသတ်ခံရသူမှာ ကိုကျော်ခိုင်ဦး အသက်၂၅ နှစ်ဟု သိရပါတယ်။ ၎င်းကိုသတ်သွားတဲ့ အဖွဲ့က ရွာနားမှာကင်းထောက်ချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့နှင့် ရွာသစ်ကုန်းပျူစောထီးများလက်ချက်ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး ကဖော်ပြထားပါတယ်။

အဲဒီအပြင် နိုဝင်ဘာ၂၆ ရက်နေ့မှာ မြင်းဒေါင်းကျေးရွာကို စစ်ကောင်စီကမီးတင်ရှို့ခဲ့ရာ ကျေးလက်ကျန်းမာရေး ဆေးခန်းအပါအဝင် ဈေးတန်းအဆောင်၂၀ကျော် နှင့် ရွာမြောက်ပိုင်းနေအိမ် ၅လုံးခန့် ပျက်စီးသွားခဲ့ပြီး၊ ဒေသခံအမျိုးသား ၃ ဦးကိုပါသတ်ဖြတ်သွားပါတယ်။ ကိုဇော် အသက် ၄၅ နှစ်မှာ ရိုက်နှက်သတ်ဖြတ်ခံရပြီး၊ ကိုနေစိုး အသက် ၃၃ နှစ်နဲ့ ဦးတင်ဝင်းမြင့် အသက် ၅၅ နှစ်ကိုတော့ မီးရှို့သတ်ဖြတ်ခဲ့ရတဲ့ ရုပ်အလောင်းတွေ့ရှိခဲ့ကြောင်း ဖော်ပြချက်အရသိရပါတယ်။

လက်ရှိတွင် မြင်းဒေါင်းကျေးရွာနှင့် သရက်ပင်စုကျေးရွာက ဒေသခံတွေမှာ အားလုံးနီးပါး ရွာထဲကိုမနေရဲတော့ဘဲ ထွက်ပြေးတိမ်းရှောင်နေကြရပြီး အကူညီများ လိုအပ်နေတယ်ဟု သိရပါတယ်။

.ကိုချစ် ဇွဲကပင်မြေ

သတင်းရင်းမြစ်-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး

SHARE THIS NEWS

OTHER NEWS