ပြီးခဲ့သည့် မေဒေးနေ့တွင် ထိုင်းရောက်မြန်မာလုပ်သားများက စီတန်းလှည့်လည်ပြီး
“ဘုရင်စနစ်ပြုပြင် ပြောင်းလဲရေး၊ လူမှုဖူလုံရေးစနစ်တည်ဆောက်ရေး”
ဟု၍ ကြွေးကြော်မှုနှင့်ပတ်သက်ပြီး ပုဒ်မ ၁၁၂
ချိုးဖောက်မှုမြောက်လျှင် အလုပ်လုပ်ကိုင်ခွင့်ရုပ်သိမ်းခံရမည်ဟု ထိုင်းအလုပ်အကိုင်ညွှန်ချုပ်
က ထိုင်း အလုပ်အကိုင်ရှာဖွေရေးဦးစီးဌာန ၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့်
သတိပေးထားသည်။
ပြီးခဲ့သည် မေလ ၁ ရက်နေ့တွင် ထိုင်းရောက်မြန်မာရွှေ့ပြောင်းလုပ်သားများက
မေဒေးစီတန်းလှည့်လည် သည့်အခမ်းအနားတွင် ပါဝင်ခဲ့ကြပြီး
“ဘုရင်စနစ်ပြုပြင်ပြောင်းလဲရေး၊ လူမှုဖူလုံရေးစနစ်(Welfare State) တည်ဆောက်ရေး” ဟု၍ ကြွေးကြော်ခဲ့ကြောင်း
ထိုင်းအလုပ်အကိုင်ရှာဖွေရေးဦးစီးဌာန၏ လူမှု ကွန်ရက်စာမျက်နှာတွင် မေလ ၂ ရက်နေ့က
ဖော်ပြထားသည်။
အဆိုပါ လုပ်ရပ်နှင့်ပတ်သက်ပြီး ထိုင်းပြည်တွင်းလုံခြုံရေးဌာန၏သုံးသပ်ချက်အရ
ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၁၂ နှင့်ငြိစွန်းလျှင် သို့မဟုတ်
နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးဆိုင်ရာဥပဒေပုဒ်မများနှင့်ငြိစွန်းခဲ့လျှင်
အလုပ်လုပ်ကိုင်ခွင့်လက်မှတ်ရှိသောတရားဝင်အလုပ်သမားဖြစ်စေ၊
ထိုင်းနိုင်ငံသို့တရားဝင် ဝင်ရောက် လုပ်ကိုင်နေသောအလုပ်သမားဖြစ်စေ
ပြစ်မှုထင်ရှားလျှင် ဘီအီး ၂၅၆၀ နိုင်ငံခြားလုပ်သား စီမံအုပ်ချုပ် ရေးအမိန့်အရ
ထိုင်းအလုပ်အကိုင်ရှာဖွေရေးဦးစီးဌာနက အလုပ်လုပ်ကိုင်ခွင့်ရုပ်သိမ်းရန်
စဉ်းစာသုံးသပ် ပိုင်ခွင့်ရှိသည်ဖြစ်ပြီး ဘီအီး ၂၅၂၂ လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေအရ
နေထိုင်ခွင့်ရုပ်သိမ်းရန်အတွက် ထိုင်းလူဝင်မှုကြီးကြပ်ရေးဗျူရိုထံ တိုင်ကြားသွားမည်ဟု
ထိုင်းနိုင်ငံတွင်နေထိုင်လုပ်ကိုင်လျှက်ရှိသော နိုင်ငံခြားလုပ်သား
နိုင်ငံသားတိုင်းကို သတိပေးလိုကြောင်း ဖော်ပြထားသည်။
တဆက်တည်းတွင် တရားမဝင် ဝင်ရောက်လုပ်ကိုင်နေသော နိုင်ငံခြားလုပ်သားများကို
တွေ့ရှိခဲ့လျှင် တရားမဝင် ဝင်ရောက်မှုပြစ်ဒဏ်အပြင် တရားမဝင်
အလုပ်လုပ်ကိုင်မှုဖြင့်စွဲချက်တင်ပြီး ငွေဒဏ် ဘတ် ၅ ထောင်မှ ဘတ် ၅ သောင်းအပါအဝင်
နေရပ်ပြန်ပို့ခံရမည်ဖြစ်ကာ ထိုင်းနိုင်ငံတွင် လာရောက်လုပ်ကိုင်ခွင့် ၂ နှစ်ကြာ
ပိတ်ပိင်သွားမည်ဟု ဆိုသည်။
တချိန်တည်းတွင် တရားမဝင်လုပ်သားများကို အလုပ်ငှားရမ်းသောအလုပ်ရှင်များကိုလည်း
တရားမဝင် လုပ်သား အလုပ်ငှားရမ်းမှုဖြင့် လုပ်သားတစ်ဦးနှုန်းကို ငွေဒဏ် ဘတ် ၁
သောင်းမှ ဘတ် ၁ သိန်းအထိ ဒဏ်တပ်သွားမည်ဖြစ်ကာ ထပ်မံကျူးလွန်ခဲ့လျှင်
လုပ်သားတစ်ဦးနှုန်းကို ၁ နှစ်ထက်မပိုသောထောင် ဒဏ်ဖြစ်စေ၊ ငွေဒဏ် ဘတ် ၅ သောင်းမှ
ဘတ် ၂ သိန်းဖြစ်စေ ချမှတ်သွားမည်ဖြစ်ပြီး နိုင်ငံခြားလုပ်သား
အလုပ်ငှားရမ်းခွင့် ၃ နှစ် ပိတ်ပင်မည်ဟု သတိပေးပြောကြားသည်။
ထို့ပြင် ထိုင်းအလုပ်အကိုင်ရှာဖွေရေးဦးစီးဌာနအနေဖြင့် နိုင်ငံသား၊ လူမျိုး၊
ဘာသာ၊ ကျား/မ ခွဲခြားခြင်း မရှိဘဲ လူ့အခွင့်အရေးစံနှုန်းများနှင့်အညီ
တန်းတူပြောဆိုဆက်ဆံကြောင်း၊ ဘီအီး ၂၅၆၀ နိုင်ငံခြား လုပ်သားစီမံအုပ်ချုပ်ရေးအမိန့်နှင့်
ပြင်ဆင်ချက်များအရ ခွန်တန်ဒေါက် “คนต่างด้าว”
ဆိုသော ဝေါဟာရ သည် ထိုင်းနိုင်ငံသားမဟုတ်သူလူပုဂ္ဂိုလ်ဟု
ဆိုလိုကြောင်း၊ ထိုင်းအလုပ်အကိုင်ရှာဖွေရေးဦးစီးဌာန အနေဖြင့် ခွန်တန်ဒေါက် (คนต่างด้าว)၊ ခွန်တန်ချာ့တ် (คนต่างชาติ)၊ ရယ်ငန်တန်ချာ့တ် (แรงงานต่างชาติ)၊ ရယ်ငန်ခမ့်ချာ့တ် (แรงงานข้ามชาติ)
စသည့် ဝေါဟာရများကိုသုံးနှုန်းခဲ့ကြောင်း၊ အဆိုပါ
ဝေါဟာရများ၏ အနက်အဓိပ္ပာယ်နှင့်တန်ဖိုးထားမှုမှာ ခွဲပြားခြင်းမရှိဟု ယူဆကြောင်း
အလုပ်အကိုင်ညွှန်ချုပ်က ဆိုသည်။
Photo: กรมการจัดหางาน