29 March 2024

ဓာတ်ပုံ Go Guide, Thaiger

 

အောက်တိုဘာ ၇ ရက်၊ ၂၀၂၁

 

၅ နှစ်အတွင်း သူဌေးဦးရေ ၁ သန်းကို ထိုင်းတွင်နေထိုင်ခွင့်ပေးပြီး နိုင်ငံ့စီးပွားရေးကို အရှိမြှင့်တင်မောင်းနှင်ရန် ထိုင်းအစိုးရ ပြင်ဆင်။

 

ငွေကြေးအင်အားတောင့်တင်းပြီး ထိုင်းနိုင်ငံတွင် ရေရှည်နေထိုင်ရန်ဆန္ဒရှိသော နိုင်ငံခြားသားများကို ဗီဇာအမျိုးအစားအသစ်တစ်ခုဖြစ်သော ရေရှည်နေထိုင်ခွင့်ဗီဇာ (long-term resident visa) ထပ်တိုး ခွင့်ပြုပေးခြင်းဖြင့် နိုင်ငံ့စီးပွားရေးကိုမောင်းနှင်ရန်၊ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးရန် နှင့် အများ ပြည်သူဝင်ငွေတိုးတက်လာစေရန် ထိုင်းအစိုးရက ပြင်ဆင်လျက်ရှိသည်ဟု Prachachat သတင်းဌာန ကဖော်ပြထားသည်။

 

ထို့သိုရေရှည်ထိုင်ခွင့်ပြုမည့်သူများကို ၄ အုပ်စုခွဲခြားထားသည်ဟု ဖော်ပြထားသည်။

 

ပထမအုပ်စုအနေဖြင့် ချမ်းသာကြွယ်ဝသောကမ္ဘာ့နိုင်ငံသားများ (wealthy global citizen) ကိုဗီဇာ အပါအဝင်အလုပ်လုပ်ကိုင်ခွင့်ပါတပါတည်းပေးမည်ဖြစ်ပြီး အိမ်ထောင်ဖက်နှင့်သားသမီးများကိုလည်းမှီခိုဗီဇာပေးသွားမည်ဖြစ်ကာ နိုင်ငံခြားမှရရှိသည့်ဝင်ငွေများကိုအခွန်ကင်းလွတ်ခွင့်ပေးမည်(အဆိုပါအခွန်စည်းကြပ်နှစ်တွင်သွင်းယူလာသည့်ဝင်ငွေများအပါအဝင်) ဟုဖော်ပြထားသည်။

 

 

သို့သော် အစိုးရငွေလက်မှတ်စာချုပ်သော်လည်းကောင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင်လည်းကောင်း အိမ်ခြံမြေလုပ်ငန်းတွင်လည်းကောင်း အနည်းဆုံး အမေရိကန်ဒေါ်လာ ၅ သိန်းရင်းနှီးမြှုပ်နှံမှုပြုရမည်ဟုသတ်မှတ်ထားပြီး ပြီးခဲ့သည့် ၂ နှစ်တွင် နှစ်စဉ်လစာ သို့မဟုတ် ပင်စင်ငွေသည် အနည်းဆုံး ဒေါ်လာ ၈ သောင်းရှိရမည်ဟုထပ်မံသတ်မှတ်ထားပြီး အနည်းဆုံးပိုင်ဆိုင်မှုမှာဒေါ်လာ ၁ သန်းရှိရမည်ဟု ဖော်ပြထားသည်။

 

 

ဒုတိယအုပ်စုမှာ နိုင်ငံခြားပင်စင်စားများ (wealthy pensioner) ကို နေထိုင်ခွင့်ပေးမည်ဖြစ်သည်။ ထိုသူများသည် ထိုင်းနိုင်ငံတွင် ဒေါ်လာ ၂.၅ သိန်းရင်းနှီးမြှုပ်နှံမှုပြုရမည်ဖြစ်ပြီး နှစ်စဉ်ပင်စင်ငွေသည်အနည်းဆုံး ဒေါ်လာ ၄ သောင်းရှိရမည်။ ထိုင်းနိုင်ငံတွင်ရင်းနှီးမြှုပ်နှံမှုမပြုလျှင် နှစ်စဉ်ပင်စင်ငွေသည်အနည်းဆုံး ဒေါ်လာ ၈ သောင်းရှိရမည်ဟု သတ်မှတ်ထားသည်။

 

 

ထိုင်းနိုင်ငံမှအလုပ်လုပ်ကိုင်လိုသည့်သူများ (Work-from-Thailand professional) ကို တတိယအုပ်စု အနေဖြင့်ခွင့်ပြုမည်ဟု ဖော်ပြထားသည်။ ပြီးခဲ့သည့် ၂ နှစ်တွင် တစ်ဦးတည်းဝင်ငွေ ဒေါ်လာ ၈ သောင်းရှိရမည်။ ထိုသို့မဟုတ် တစ်နှစ်လျှင် ၄ သောင်းဝင်ငွေရှိရမည်။ ထို့နောက် မဟာတန်းကျောင်းဆင်းဖြစ်ရမည်။ ဉာဏပစ္စည်းပိုင်ဆိုင်မှုရှိရမည်။ series A1 ရင်းနှီးမြှုပ်နှံမှုချေးငွေရရှိထားသူဖြစ်ရသည်။ လုပ်ငန်းအတွေ့အကြုံ ၅ နှစ်ရှိရမည်ဟု သတ်မှတ်ထားသည်။

 

စွမ်းရည်မြင့်ပညာရှင်များ (high-skilled professional) ကို နောက်ဆုံးအုပ်စုအနေဖြင့်နေထိုင်ခွင့်ပြုမည်ဟု ဖော်ပြထားသည်။ ယင်းအုပ်စုသည် အခြားအုပ်စုနည်းတူအခွင့်အရေးရရှိမည်ဖြစ်သော်လည်း ထိုင်းနိုင်ငံမှရရှိလာသည့်ဝင်ငွေများကို EEC နှုန်းထားအတိုင်း ဝင်ငွေခွန်ပေးဆောင်ရမည်ဟု သတ်မှတ်ထားသည်။

 

ငွေကြေးတောင့်တင်းသောနိုင်ငံခြားသားဦးရေ ၁ သန်းကို ထိုင်းနိုင်ငံတွင်လာရောက်နေထိုင်ရန်စွဲဆောင်နိုင်ခဲ့လျှင် လူတစ်ဦးလျှင်နှစ်စဉ်ဘတ် ၁ သန်းသုံးစွဲနှုန်းဖြင့်ခန့်မှန်းတွက်ချက်မှုအရ ပြည်တွင်း လှည့်လည် သုံးစွဲငွေပမာဏကို ဘတ် ၁၀၀ ဘီလျံ မှ ၂၅၀ ဘီလျံအထိတိုးတက်လာစေမှာဖြစ်ပြီး အခွန်ငွေ ဘတ် ၂၅ ဘီလျံ မှ ၆၂.၅ ဘီလျံရရှိမည်ဟု ခန့်မှန်းထားသည်။

 

အဆိုပါ စီးပွားရေးမူဝါဒကို မလေးရှားအစိုးရက Malaysia My Second Home (MM2H) အမည်ဖြင့် ၁၇ နှစ်ကြာကျင့်သုံးခဲ့ပြီး လာရောက်နေထိုင်သည့်နိုင်ငံခြားသားများက အိမ်ခြံမြေတန်ဖိုး ရင်းဂစ် ၁၁.၈၉ ဘီလျံ သို့မဟုတ် ဘတ် ၉၆ ဘီလျံဝယ်ယူနေထိုင်ခဲ့ကြသည်ဟု သိရသည်။

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS