20 April 2024

ပြီးခဲ့သည့်နိုဝင်ဘာ ၆ ရက်နေ့တွင် တရားမဝင်မြန်မာ ၂၃ ဦးကိုတင်ဆောင်လာသည့်မော်တော်ကားတိမ်းမှောက်ရာမှ ၃ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိသည့်မှုခင်းနှင့်ပတ်သက်ပြီး အမြန်ဆုံးအမှုမှန်ဖော်ထုတ်နိုင်ရန် ထိုင်းဒုရဲချုပ် ကမ်ဖယ်ဖစ်ခရိုင်သို့သွားရောက်စစ်ဆေး။

 

အဆိုပါမှုခင်းနှင့်ပတ်သက်ပြီး အမြန်ဆုံးအမှုမှန်ဖော်ထုတ်နိုင်ရေးအတွက် ယမန်နေ့ညနေ ၆ နာရီအချိန်တွင် ကမ်ဖယ်ဖစ်ခရိုင်၊ ခရိုင်နယ်မြေရဲစခန်းအစည်းအဝေးခန်းမသို့ ရဟတ်ယာဉ်ဖြင့် ထိုင်းဒုရဲချုပ် သွားရောက်စစ်ဆေးခဲ့သည်ဟု ထိုင်းရတ်သတင်းဌာနတွင်ဖော်ပြထားသည်။

 

ကမ်ဖယ်ဖစ်ခရိုင်ရဲတပ်ဖွဲ့နှင့်တာ့ခ်ခရိုင်ရဲတပ်ဖွဲ့ထံမှ အစီရင်ခံချက်အရ တရားမဝင်လုပ်သားများကိုခေါ်ဆောင်လာသော သံသယတရားခံသည် မည့်သည့်နယ်စပ်ပေါက်မှခိုးဝင်လာသည်ကို စစ်ဆေးနေပြီး၊ မည်သည့်လမ်းကြောင်းများကိုကျော်ြဖတ်လာသည်ကိုလည်းကောင်း၊ သေဆုံးသူများကိုတစ်နေရာမှတစ်နေရာသို့မည်သို့တင်ဆောင်သွားနိုင်သည်ကိုလည်းကောင်း စစ်ဆေးနေဆဲဖြစ်ပြီး လူကုန်ကူးမှုမြောက်ခြင်းရှိမရှိကိုဆက်လက်စစ်ဆေးသွားမည်ဟု ဒုရဲချုပ်က မီဒီယာများကိုပြေားကြားခဲ့သည်။

 

 

အသက်ရှင်ကျန်ရစ်သူနှင့်ဒဏ်ရာရရှိသူများကို ကမ်ဖယ်ဖစ်မြို့၊ နာဘော်ခမ်ကျေးရွာအုပ်စု၊ မူ-၁၂ ရှိ နောင်နွတ်ကရထာဘုန်းကြီးကျောင်းဝင်းအတွင်းရှိ ဓမ္မာရုံတွင် နေထိုင်စေပြီး မြို့နယ်ရောဂါထိန်းချုပ်ရေးဌာနမှကိုဗစ်-၁၉ စစ်ဆေးချက်အရ ၃ ဦး (သေဆုံးသူ ၁ ဦး၊ အသက်ရှင်သူ ၂ ဦး) တွင်ပိုးတွေ့ရှိရသည်ဟု သိရသည်။

 

“တရားမဝင်ဝင်ရောက်လာသူတွေဖြစ်ပေမဲ့ သူတို့တတွေကို ကျနော်တို့ ၂၄ နာရီစောင့်ကြည့်နေသလို လူသားချင်းစာနာထောက်ထားမှုမူနဲ့အညီစောင့်ရှောက်ပေးထားပါတယ်။ ရွာသားတွေကလည်း သူတို့တတွေကို အစားအသောက်နဲ့အဝတ်အစားတွေလာရောက်ပေးကမ်းကြပါတယ်” ဟု နာဘော်ခမ်အုပ်ချုပ်ရေးမှူး ကဆိုသည်။

 

တဆက်တည်းတွင် အဆိုပါလုပ်သားအများစုတွင်ကိုဗစ်-၁၉ ပိုးမရှိကြောင်းစစ်ဆေးတွေ့ရှိရပြီး ၎င်းတို့ကိုသတ်မှတ်နေရာတွင်သာနေထိုင်ကြရန်နေရာထိုင်ခင်းစီစဉ်ပေးထားကာ ပိုးရှိသူများကိုကမ်ဖယ်ဖစ်မြို့နယ်ဆေးရုံမှလာရောက်ခေါ်ယူသွားပြီး ဆေးကုသမှုပေးထားသည်ဟု ဆိုသည်။

 

သတင်း ရွှေကရင်(ရာမညမြေ)

SHARE THIS NEWS

OTHER NEWS